ဂီတဖြင့် ဒဏ်ရာကုစားခြင်း

//s9.kh1.co/8a/8a2b6b91990d160df77939ba182e7fa0b2762701.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၂-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

        အဖွဲ့လိုက် ခရီးသွားရင်း ကားပေါ်မှာ တစ်ယောက်က ဂစ်တာနဲ့ သီချင်းလေးတစ်ပုဒ် တီးလိုက်တဲ့အခါ တစ်ကားလုံး လိုက်ဆိုပြီး ပျော်ခဲ့ဖူးတာ မှတ်မိလား။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း ကီးချော်တဲ့လူတွေကို ပြုံးကြမယ်။ သိပ်မရင်းနှီးတဲ့လူတွေတောင် connection တစ်ခုကို ခံစားမိသွားကြတယ်။ ပျော်စရာ အမှတ်တရတွေ ဖြစ်သွားတယ်။ ဂီတဟာ လူတွေကို ပျော်စေတယ်ဆို သင် လက်ခံနိုင်မလား။ ဂီတမှာ အဲဒီထက်ပိုတဲ့ စွမ်းရည်တွေပါ ရှိတယ်ဆိုရင်ရော ယုံနိုင်မလား။

©Pinterest
©Pinterest

ကျွန်မတို့မှာ ငယ်ငယ်ကတည်းက ဝမ်းနည်းရင်ဖြစ်ဖြစ်၊ ပျော်ရင်ဖြစ်ဖြစ်၊ အခမ်းအနားတွေမှာ ဖြစ်ဖြစ်၊ တစ်ယောက်တည်းနေရင်း ဖြစ်ဖြစ် သီချင်းတွေကို အဖော်ပြုခဲ့ကြတယ်။ လူကြီး၊ လူငယ်သာမက မွေးကင်းစကလေးအရွယ်ကအစ သီချင်းတွေကို ချစ်ကြတယ်။ သီချင်းတွေဟာ ကျွန်မတို့ရဲ့ ဦးနှောက်အစိတ်အပိုင်းအားလုံးကို နိုးကြားတက်ကြွစေတယ်လို့ ဂီတကုထုံးပညာရှင် Dr. Aniie Hiderscheit က ဆိုပါတယ်။

ဂီတမှာ နာကျင်မှုကို သက်သာစေနိုင်တဲ့ စွမ်းအင်ပါ ရှိတယ်။ ကျွန်မ အံဆုံးခွဲပြီး ပြန်လာတဲ့နေ့က အကြိုက်ဆုံး playlist ကို နားထောင်တယ်။ စိတ်ထဲက လိုက်ညည်းတယ်။ လွတ်လပ်ပေါ့ပါးသွားရုံတင်မက နာကျင်မှုပါ သိသာစွာ လျော့သွားတယ်။ အဲဒီနေ့ကပဲ အင်တာနက်မှာ ဂီတရဲ့ healing power ကို ရှာဖတ်ရင်း ဂီတကုထုံးအကြောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ အနောက်တိုင်းမှာ ကင်ဆာ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါတွေနဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ ဂီတကုထုံးတွေကို အသုံးပြုနေကြတာ ကြာပါပြီ။

©Pinterest
©Pinterest

အမေရိကန် ဂီတကုထုံး အဖွဲ့အစည်းက ဖော်ပြထားတဲ့ ဂီတရဲ့ အကျိုးကျေးဇူး အချို့ကတော့ -

၁။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

၂။ ဝေဒနာ သက်သာစေတယ်။

၃။ ခံစားချက်တွေကို ထုတ်ဖော်နိုင်ခွင့်ပေးတယ်။

©Pinterest
©Pinterest

၄။ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာစေတယ်။

အစက ပေးခဲ့တဲ့ ခရီးသွား ဥပမာလိုပေါ့။ သီချင်းတွေကို အတူ ဖန်တီးရင်း၊ ဆိုညည်းရင်းနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဆက်နွှယ်မှု၊ နားလည်မှုကို ဖြစ်စေတယ်လို့ Dr. Hiderscheit က သူ့ရဲ့ ၂၉နှစ်တာ အတွေ့အကြုံတွေကို အခြေခံပြီး ပြောပြပါတယ်။

ငြိမ့်ညောင်းတဲ့ တေးသွားတွေက စိတ်ကို အေးချမ်းသွားစေတယ်။ မြူးကြွတဲ့ သံစဥ်တွေက စိတ်တက်ကြွစေတယ်။ တချို့တေးသွားတွေက မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုကို အားပေးတယ်။ ဂီတဟာ စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာက ဒဏ်ရာတွေကိုပါ ကုစားနိုင်စွမ်း ရှိပါတယ်။ တချို့ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံး မရှိတဲ့အခါ ဂီတသံစဥ်တွေကိုသုံးပြီး ပြောပြလို့ ရပါတယ်။ ဒါဟာ ဂီတရဲ့ အမြင့်မားဆုံး စွမ်းအင်တွေပါပဲ။

သင့်အကြိုက်ဆုံး playlist အကြောင်း၊ သီချင်းတွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းလည်း ပြောပြသွားပါဦးနော်။

Eaint

©Pinterest
©Pinterest
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T