ရှေးအီဂျစ်လူမျိုးတို့သည် လူတစ်ဦးတစ်ယောက် သေဆုံးသွားသောအခါ ထိုသူရဲ့ ရုပ်အလောင်း မပျက်မစီး၊ မပုပ်မသိုးမှသာလျှင် သေသူရဲ့ အသက်ဝိညာဉ်ဟာ နောင်တစ်နေ့သောအခါတွင် ကြွင်းကျန်ခဲ့သော မိမိရုပ်ကလာပ်ထဲသို့ ပြန်ဝင်အသက်ရှင်လိမ့်မည်ဟု ယုံကြည်ကြပါတယ်။ အဲ့လိုယုံကြည်ကြတဲ့အတိုင်း ရုပ်အလောင်းကို မပုပ်မသိုးပဲ ကြာမြင့်စွာ တည်တံ့နိုင်စေမည့် နည်းအမျိုးမျိုးကို ရှာဖွေခဲ့ကြပြီး အဆီ၊ သစ်စေး၊ အမွှေးအထုံများဖြင့် လူသေရုပ်ကလာပ်ကို သုတ်လိမ်းပြီးလျှင် ပိတ်စ အရှည်ကြီးဖြင့် ဦးခေါင်းမှ ခြေဖျားတိုင် ရစ်ပတ်ကျပ်စည်းကြပါတယ်။ ဒီလို မပုပ်မသိုးအောင် ကျပ်စည်းထားသော ရုပ်ကလာပ်မျိုးကို မံမီရုပ်ကလာပ်လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် မင်းမျိုးရာဇာနှင့် ပစ္စည်းဥစ္စာ ကြွယ်ဝသောသူများ သေလွန်သောအခါ ငွေကြေးမြောက်မြားစွာပေး၍ ဝယ်ယူရသော ဆေးအမျိုးမျိုး၊ အမွှေးအမျိုးမျိုးတို့ဖြင့် ရုပ်ကလာပ်ကို စီမံကျပ်စည်းပေးထားရတာပဲ ဖြစ်ပါတယ်။ အဲ့နောက် အဖိုးတန် ပစ္စည်းအသုံးအဆောင်များနှင့် အတူတကွ ကြီးကျယ်ခမ်းနားစွာ မြှုပ်နှံထားလေ့ရှိကြပြီး သာမန် ဆင်းရဲသားဖြစ်လျှင်ကား ရုပ်အလောင်းကို ဆားရည်တွင်စိမ်၍ အခြောက်ခံပြီးလျှင် သာမန်အဝတ်စများဖြင့်ပင် ရစ်ပတ်ကာ မြှုပ်နှံလိုက်ကြတာပဲ ဖြစ်ပါတယ်။
မံမီရုပ်ကလာပ် ပြုလုပ်တဲ့ အလေ့အထဟာ အီဂျစ်နိုင်ငံမှ တောင်ပိုင်းသို့ ပျံ့နှံ့သွားရာ အာဖရိက၊ အိန္ဒိယ၊ ဩစတြီးယားနှင့် အာရပ်လောကတိုင်အောင် ရောက်သွားခဲ့ပြီး အနောက်ဖက် တခွင်တွင်မူ ဒီအလေ့အထဟာ ပီရူးနှင့် မက္ကဆီကိုနိုင်ငံတို့တိုင်အောင် ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့် မံမီရုပ်ကလာပ် ပြုလုပ်ကြရာတွင် အီဂျစ်တို့ရဲ့ နည်းကို မည်သူမျှ မမှီကြပါဘူး။ ရှေးခေတ် အီဂျစ်ဖာရိုဘုရင်များ ဖြစ်ကြသော ဒုတိယ ရမ်မီးဆီးနှင့် တူတန်ခမွန်တို့၏ မံမီရုပ်ကလာပ်များမှာ အကျော်ကြားဆုံးသော မံမီရုပ်ကလာပ်များ ဖြစ်ကြပြီး အီဂျစ်လူမျိုးတို့ဟာ ရုပ်ကလာပ် ပြုလုပ်တဲ့ အလေ့အထကို ဘီစီ ၄၅၀၀ ခန့်မှစ၍ အေဒီ ၇ ရာစုခေတ်တိုင်အောင် ပြုလုပ်ခဲ့ကြပေမယ့် ကလေးများရဲ့ ရုပ်အလောင်းကိုတော့ မပုပ်မသိုးအောင် ပြုလုပ်ခြင်း နည်းပါးကြပါတယ်။
သတင်း အရင်းအမြစ်៖ History