မကြာသေးခင် ရက်ပိုင်းလောက်က ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတဲ့ အနုပညာရှင်များထဲမှ(၂၄)ဦးကို အမှုမှကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ထို (၂၄) ဦးထဲတွင် သရုပ်ဆောင် သီဟထွန်းလည်း ပါဝင်ခဲ့ပါတယ်။ အခုလို အမှုရုတ်သိမ်းပေးခံခဲ့ရပေမယ့်လည်း သွေးအေးမသွားဘဲ တော်လှန်ရေးနဲ့ တစ်သားတည်း ရှိနေမယ့်သူ ဖြစ်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဆိုတာမြန်မာပြည်သူတွေကြားထဲ မတရားမှုကို ဆန့်ကျင်ဖို့ ၊ အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖို့အတွက် တစ်သွေးတစ်သားထဲ ဖြစ်တည်လာတာ ဖြစ်ပါတယ်။


မတရားမှု၊ အနိုင်ကျင့်မှုတွေကို လက်မခံတတ်တဲ့ သူ့ရဲ့ ဗီဇကြောင့် အာဏာသိမ်းပြီးချိန်ကစပြီး အာဏာရှင်လူတစ်စုကို တော်လှန်ဖို့အရေး တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို အမှုပိတ်တဲ့အကြောင်း ထုတ်တဲ့စာထဲတွင် ပရောဂကြောင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့တာဖြစ်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရောဂဝင်နေတဲ့ အာဏာရှင်လူတစ်စုကို မောင်းထုတ်ဖို့အတွက် ဒီတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပေါင်းစည်းခဲ့တာဖြစ်ကြောင်း သေချာရှင်းပြထားတာ ဖြစ်ပါတယ်။ အမှုပိတ်တဲ့စာ မထုတ်သေးတဲ့ ကာလတွေမှာလည်း ခံဝန်ကတိထိုးပြီး အိမ်မှာအေးအေးဆေးဆေး ပြန်နေလို့ရတဲ့အကြောင်း နီးစပ်ရာအနုပညာအသိုင်းအဝိုင်းမှ တစ်ဆင့်အကြိမ်ကြိမ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပေမယ့်လည်း ပြတ်သားစွာ ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။


ဒါ့ကြောင့် အမှုကင်းလွတ်ကြောင်း ထုတ်ပြန်တဲ့ ကြေငြာစာထဲမှာ သရုပ်ဆောင် သီဟထွန်းအား ပရောဂကြောင့်တော်လှန်ရေးမှာ ပါဝင်ခဲ့ရတယ်လို့ ပရိသတ်တွေနဲ့ သွေးကွဲအောင် ရေးသားသုံးနှုန်းထားတာ ဖြစ်ပါတယ်။ နွေဦးမှာကျဆုံးခဲ့ရသူတွေ ၊ ဖမ်းဆီးခံခဲ့ရသူတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို မျက်ကွယ်ပြုပြီး အေးဆေးနေသွားရမှာကိုလိပ်ပြာမလုံတဲ့အတွက် အမှုပိတ်သိမ်းသွားလည်း ကိုယ်ရွေးချယ်တဲ့ အစိုးရအုပ်ချုပ်မှုပြန်မရမချင်း နွေဦးတော်လှန်ရေးနဲ့အတူ တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း သရုပ်ဆောင် သီဟထွန်းမှ ရေးသားထားပါတယ်။ ပရောဂကြောင့်မဟုတ်ဘဲ ခံယူချက်ကြောင့် လုပ်နေတဲ့ သရုပ်ဆောင် သီဟထွန်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကြတဲ့ အနုပညာရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Thiha Tun’s Facebook Account


