Pachliopta မျိုးစုက ဆင်းသက်လာပြီး သိပ္ပံနာမည် Pachliopta aristolochiae လို့ခေါ်တဲ့ လိပ်ပြာမျိုးစိတ်ကို ၁၇၇၅ ခုနှစ်မှာ အင်းဆက်အကြောင်းကို အဓိကလေ့လာတဲ့ Danish သတ္တဗေဒပညာရှင် Johan Christian Fabricius က တရားဝင်ဖော်ပြခဲ့ပါတယ်။ အမြီးပါတဲ့ လိပ်ပြာမျိူးစိတ်တစ်မျိုး ဖြစ်ပြီး အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ နီပေါ ၊ သီရိလင်္ကာ ၊ မြန်မာ ၊ ထိုင်း ၊ ဂျပန် ၊ လာအို ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ နီကိုဘာကျွန်းများ ၊ မလေးရှားနိုင်ငံ အရှေ့ပိုင်း မှ တရုတ်နိုင်ငံအထိ အာရှတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရနိုင်ပါတယ်။
မူလဇာတိမှာ အိန္ဒိယ ဖြစ်ပြီး common rose လိပ်ပြာလို့လည်း ခေါ်ကြပါသေးတယ်။ Common rose လိပ်ပြာတွေဟာ ခေါင်းဆောင်တစ်ကောင်ရှိပြီး နောက်မှာတော့ နာခံတတ်တဲ့ နောက်လိုက်တွေနဲ့အတူ အဖွဲ့လိုက် အစုလိုက် နေထိုင်ကျက်စား ကြတဲ့ လိပ်ပြာမျိုးစိတ်တစ်မျိုး ပဲဖြစ်ပါတယ်။ ရာသီဥတုသာယာပြီး ပန်းများ အပြိုင်အဆိုင်ပွင့်တဲ့အချိန်မှာ အကောင်အရေအတွက် ပိုပေါများကြပြီး အထီးအမ လိင်နှစ်မျိုးစလုံးဟာ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ အရောင်အဆင်း တူကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးတဲ့ Common rose လိပ်ပြာအထီးတွေရဲ့အတောင်ပံ အပေါ်တစ်ပိုင်းဟာ နက်မှောက်တဲ့ ကတ္တီပါ အနက်ရောင် ရှိပါတယ်။
လိင်နှစ်မျိုးစလုံးရဲ့ အတောင်ပံ အောက်အပိုင်းတွေဟာ လေးထောင့်ကွက်လေးများနဲ့ အောက်မှ အမြီးပုံစံ တွဲလောင်းလေး ပါရှိပြီး လေးထောင့်ကွက်ထဲက အတောင်ပံအရောင်ကတော့ ပန်းရောင် ၊ အဖြူရောင် သို့မဟုတ် အညိုရောင် တို့ ရှိတတ်ကြပါတယ်။ အမတွေထက် အထီးတွေက အရောင်ပိုတောက်ပြီး ပိုထင်ပေါ်တာကြောင့် လူတွေရဲ့ ဖမ်းဆီးမှုကို မကြာခဏ ခံရတယ်ဆိုလည်း မမှားပါဘူး။ အေးဆေးနေတတ်ပြီး ချစ်စရာကောင်းတဲ့ Pachliopta aristolochiae တွေဟာ အင်းဆက်စိတ်ဝင်စားသူ တို့အကြား နာမည်ကြီးလာခဲ့ပြီး ဖမ်းဆီးမှုတွေ အများကြီး ရှိခဲ့တာကြောင့်အကောင်အရေအတွက်လည်း သိသိသာသာ ကျဆင်းလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း ချစ်စရာကောင်းပြီး လောကကို အလှဆင်ပေးနေတဲ့ Common rose လေးတွေကို တွေ့တဲ့အခါ ဖမ်းဆီးခြင်းမပြုဖို့ လိုအပ်ပါတယ်။