မြန်မာအခေါ် ငါးရံ့ လို့ခေါ်ကြတဲ့ snakehead ငါးတွေကတော့ Channidae မျိုးစုက ဆင်းသက်လာတဲ့ ရေချိုငါးမျိုးစိတ် တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၅၀ လောက်ကတည်းက အိန္ဒိယတိုက်ရဲ့ တောင်ဘက် ဟိမဝန္တာဒေသမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ ငါးရံ့တွေကို အာဖရိက နဲ့ အာရှတစ်ခွင်က ရေပြင်တွေမှာ ကျယ်ပြန့်စွာ တွေ့နိုင်ပြီး အခြား Channidae မျိုးစိတ်တွေထက် အကောင်အရွယ်အစား သေးကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ snakehead တစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၂၅ စင်တီမီတာမှ ၇၀ စင်တီမီတာ ( ၁၀ လက်မ မှ ၃၀ လက်မ ) ဝန်းကျင်ရှိပြီး အလယ်အလတ်ကြီးတဲ့ ငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ဒီ Snakehead ငါးတွေဟာ အခြားငါးတွေနဲ့ မတူဘဲ ရေထဲက အောက်စီဂျင်ကို သိုလှောင်ထားနိုင်ကြပြီး စိုစွတ်တဲ့ ကုန်းမြေပေါ်မှာ လေရှူကာ ၄ ရက်ဝန်းကျင်အထိ အသက်ရှင် နိုင်ကြပါသေးတယ်။ ပျမ်းမျှအားဖြင့် အသက် ၂ နှစ်အရွယ်မှာ အရွယ်ရောက်တဲ့ ငါးရံ့တွေဟာ တစ်ကြိမ်မျိုးပွားလျှင် ဥ ၁၅၀၀၀ အထိ မျိုးပွားနိုင်ပြီး တစ်နှစ်ကိုဆိုရင် ပျမ်းမျှ ဥ ၁၅၀၀၀၀ အထိ ပေါက်ဖွားနိုင်တာကြောင့် မျိုးပွားနှုန်းများတဲ့ ငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်စွာ ပေါက်ဖွားတာကြောင့် ငါးရံ့တွေဟာ ကျူးကျော်မျိုးစိတ် ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ခရုများ ၊ ရေမျောများ ၊ ရေနေပိုးမွှားများ နဲ့ ငါးငယ်တွေကို အဓိက စားသုံးကြပြီး အကောင်ကြီး ငါးရံ့တွေကတော့ ဖားတွေကိုပါ စားသုံးနိုင်ကြပါတယ်။
များပြားလှတဲ့ အကောင်အရေအတွက် နဲ့ အလွယ်တကူ ဖမ်းဆီးနိုင်တာကြောင့် Snakehead ငါးတွေကို လူသားတို့ စားသုံးမှု ရှိလာပြီး လက်ရှိမှာတော့ အာရှနိုင်ငံ တော်တော်များများမှာ လူတိုင်းနီးပါး စားသုံးလာတဲ့ ငါးမျိုးစိတ် တစ်မျိုး ဖြစ်လာပါတယ်။ ငါးရံ့တွေဟာ မျိုးပွားနှုန်းမြင့်ပြီး အလွယ်တကူ ရရှိမှုကြောင့် ဂေဟစနစ်အတွက် အကျိုးမရှိတဲ့ ကျူးကျော်ငါးမျိုးစိတ် မှ စားသုံးလို့ ရတဲ့ ငါးမျိုးစိတ်အဖြစ် ပြောင်းလဲလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တစ်စု ရှိပြီပဲ ဖြစ်ပါတယ်။ ဒီငါးတွေဟာ လူတွေအတွက် ဘေးမဖြစ်စေတာကြောင့် စိတ်ချလက်ချ စားလို့ရပေမယ့် အလွန်အကျူးတော့ မစားသင့်ပါဘူး။